Canvases
-------------
အရိုးပြာတွေက
နှင်းတွေလား
အသံတွေဟာ မြင်းခွာတွေဖြစ်သလို
တောအုပ်ဟာ စိတ်ရဲ့အလျဉ်ဖြစ်တယ်
ဒီလိုပဲ ပြောဖူးတယ်မဟုတ်လား ဂျိမ်းရေ ။
ဘာကြောင့်များ မနက်တွေမရှိတော့တာလဲဂျိမ်းရေ
အ၀ါရောင်ဆံပင်တွေရဲ့အသက်လို
့ တံခါးပေါ်မှာ ထွင်းထားတဲ့သက္ကရာဇ်တစ်ခုခု ဟာ
မွေးနေ့ ဆိုတာတော့ကိုယ်မှတ်မိနေတယ် ။
ဒီလိုပဲ ကြည့်ကျက်နေသွားကြ
ဝမ်းခေါင်းသံအပြည့်နဲ့ နာကြင်သွားကြ
ငတ်မွတ်မှုတွေနဲ့ ဆဲရေးသွားကြ
ကမ္ဘာအစစ်ကို မြင်သွားကြ
လျှာပေါ်မှာ ဒဏ်ရာဗရပွနဲ့ သိမ်မွေ့ သွားကြ ။
တောင်ကုန်းမိုမို့ လေးတွေပေါ်မှာ
ခြေရာကြီးကြီးတွေ သေးသေးလေးတွေ
လယ်ကွင်းထဲမှာ ရွှေဝါရောင်စပါးနှံခက်တွေ
အနာဂါတ်ဆိုတာ
တစ်ခါမှမမက်ဖူးတဲ့ အိပ်မက်ကြီးပဲ ။
ဂျိမ်းရေ ....
အဖြူရောင် မင်းဆံပင်တွန့် တွန့် တွေနဲ့ 
ဒီဘက်ကူးလာခဲ့ချေ ။
ရေစိုသွားမှ မင်းကပိုလှတာ
(ငယ်ငယ်ကဆို .....)
ရယ်သံတွေ နဲ့ ငှက်တွေပျံနေတယ်ဆိုတာမေ့သွားကြမယ် ။
ရေဒီယိုမှာ ဘာတွေလာနေလဲ
ကော်ဖီပင်တွေဘက်ရောက်သေးလား မင်းမေးမယ်
သားမြေးလေး သာရှိရင်တော့လေဆိုပြီး
မင်းမျက်ဝန်းတွေ စိုစွတ်လာမယ်
ဂျိမ်းရေ ... ငိုသာငိုကွဲ့ 
မျက်ရည်ဆိုတာ
မင်းအတွက်ဝမ်းနည်းမှုရဲ့တန်ဆာခံပဲမဟုတ်ပေဖူးလား ။
စစ်တွေဖြစ်နေတယ်ဆိုတာ မင်းမသိဘူး
ဘာသာရေးအစွန်းရောက် ဂိုဏ်းတွေရှိနေတယ်ဆိုတာမင်းမသိဘူး
ကမ္ဘာပျက်တော့မယ်ဆိုတာ မင်းမသိဘူး
ပြီးရင် ငါ့ကိုလည်းမင်းမေ့သွားတော့မယ်
ပြီးတော့လည်း ပြီးသွားတာပါပဲ မဟုတ်ဖူးလား ။
သစ်လုံးအိမ်လေးရဲ့ညာဘက်ထောင့်စွန်းမှာ
မင်းအသံတွေရှိတယ် ဂျိမ်းရေ
ပြန်နားထောင်ကြမယ် ။
မီးလင်းဖိုလေးဘေးမှာ မင်းစာဖတ်နေမယ်
ထင်းရှူးတောတန်းဘက်ကို ရီဝေနေတဲ့အကြည့်တွေနဲ့ ကြည့်မယ်
မင်းဟာ ကိုယ်ဝယ်ဖို့ မလိုတဲ့ရုပ်မြင်သံကြားစက်လေးပေါ့
မင်း......ရယ်လိမ့်မယ် ။
ဂျိမ်းရေ ...
အိပ်တော့ကွယ် အိပ်တော့
ကြယ်တွေလှလှပပ ကြွေကျသွားသလို မင်းအိပ်လိုက်တော့ ။ ။
-ရင်ခွင်ရှိန်း-