2014/03/14

ခဲဖျက်ကလေးတစ်စင်းရဲ့ မီးကုန်​ယမ်းကုန်​အလွမ်းများ

ခဲဖျက်ကလေးတစ်စင်းရဲ့ မီးကုန်ယမ်းကုန်အလွမ်းများ

(၃၇)

ရဲစွမ်းသတ္တိတော့ ရှိဖို့လိုမယ်ထင်တယ်
လူရွှင်တော်တွေကြား သွားရမယ့်ခရီးစဉ်ဆိုတော့
မင်္ဂလာဆောင်ဖိတ်စာမှာ ဘာဖြစ်လို့လူတွေနာမည်ကသေးပြီး
ဘွဲ့စာလုံးတွေက ကြီးနေတာလဲ ?
သြော် ... အင်း ... သူတို့က လူ,လူချင်း ထိမ်းမြားလက်ထပ်တာမဟုတ်ပဲ
ပြက်လုံးတွေ ခပ်ပေါပေါ ထုတ်လို့ရလာအောင်ကိုး ။







(၂၉)

ခရီးစဉ်က ကျဉ်းတယ်
ပြတင်းပေါက်ဘောင်တွေပေါ်မှာ ငါတို့သစ္စာတရားကိုတင်
ကျားလျှာတစ်ချောင်းနဲ့ နှင်းမှုန်တွေကိုခါချ
စန္ဒယားသံတစ်ပိုဒ်လောက်အဆုံးမှာ စာရိတ္တလက်မှတ်ကိုထုတ်ပေါင်
လူနံပါတ်(၁၆၇၄)နဲ့ လူနံပါတ်(၃၂၅၅)တို့ အက္ခရာသတ်ပုံချင်းမှားသွား
ဆီးသည်းလှုပ် အခွံလွတ်သစ်သီးတစ်လုံးပြိုလဲကျ ။






(၁၇)

ရေသန့်ဗူးတွေ၊ယပ်တောင်တွေ၊ငါးမုန့်ကြော်ထုပ်တွေကို
လင်ဆိုးမယားတစ်ယောက်က တဖားဖားဝယ်သွား
မိုးရွာလာရင်တော့ သူမကိုယ်သူမ လွှင့်ပစ်လိုက်ဖို့
စီရီ၊ခုတ်ထစ်ထားပြီးချိန်မှာပေါ့ကွယ် ...
ရေဒီယိုက သတ္တိကြွပစ္စည်းတစ်ချို့နဲ့ သံစဉ်မဲ့သီချင်းကို
ကိုယ်လုံးတီး ထုတ်လွှင့်လာတယ် ။






(၆)

ကျွန်မသားလေးကို မစားပါနဲ့တော့ အရှင်မျောက်မင်းရယ် ...
အခုလေးတင်ပဲ သူ့အဖေမျက်နှာကို မြင်ပြီးသွားပြီပဲဟာကို ။



 (၁၂)

ခပ်ဝေးဝေးခရီးဆောင်အိတ်ထဲကနေ
ရထားတစ်စင်းရဲ့ အော်မြည်သံဟာ
ဆီလိုအပေါက်ရှာပြီး ထွက်ပေါ်လာတော့
ရေချိုးနေဆဲမိန်းမကို ခေါ်ပြရင်ကောင်းမလား ?




(၁၉)

ပင်လယ်ရေတွေကို
တဂွပ်ဂွပ်နဲ့ အငမ်းမရသောက်နေတဲ့
မြည်းအိုကြီးတစ်ကောင်က ပြောဖူးတယ်

(ဟုတ်လို့လား ? သေချာလို့လား ?
ဟုတ်တာရော သေချာလို့လား ? )

မင်းတို့လူတွေအကြောင်း
လူတွေကို ပြန်,ပြန်သင်ပေးနေရတာ
ရေ ... ခဏ၊ခဏ ဆာလာတယ်တဲ့

(Ctrl+C > Ctrl+V )











(၃၂)

ဆက်မရေးပါနဲ့တော့ ကဗျာဆရာ
ခင်ဗျားလက်ရေး ကျွန်တော်ဖတ်လို့မရတော့ဘူး
မျက်ရည်တွေက မျက်လုံးထဲက အဆမတန်စီးကျနေတာ
အဲဒီ ... အာရှဘန်း(မ်) ပရုတ်ဆီဟာ တော်တော်ဆိုးတာပဲနော့် ... ကဗျာဆရာ ... ။





(၇)

ဘာတွေများလဲလို့ ဟိုးအဝေးကြီးကတည်းက ငါလှမ်းကြည့်နေတာ
လတ်စသတ်တော့ ... မင်းတို့ကလူတွေပဲလို့
အသက်ရှစ်ဆယ်ကျော်အဖိုးအိုကြီးက
စစ်ကြိုခေတ်လေသံနဲ့လည်းပြောရော
ရွှေခါးပတ်ချန်ပီယံက စိန်ခေါ်လာတဲ့သူကို
နားရွက်တစ်ဖက် ဖြတ်ကိုက်၊ကိုက်ဖြတ်ပစ်လိုက်တယ်
(တီဗွီထဲမှာ ပြောပါတယ် )


(၅၀)

လက်ရှောင် ...! လက်ရှောင်ထားချည် ...
ကံကြမ္မာနတ်သမီးက အဲဒီကြက်ဝိုင်းမှာရှိမနေပဲ
ပျော်ပွဲစားရုံမှာ အကသွားလေ့ကျင့်နေတုန်း
နင့်ခြေသည်းတွေ ညှပ်ထားလိုက်ပါ သရေခေတ္တရာ ။



(၄၂)

ငါမသိတဲ့ ကောက်ကွေ့ကွေ့သောင်ပေါ်သီချင်းသံက
ကြက်ခြေခတ်သဏ္ဍာန်နဲ့ စာမျက်နှာတစ်ခုအောက်
တောင်းပန်ခယမိုးဝင်ခိုနေဆဲပေါ့
မီးကျွမ်းလောင်ခြင်း မြင်းခွါသံဟာ မားမားမတ်မတ်ကြီးထွားလာပြီး
ငါနဲ့ ငါမမက်ဖြစ်ခဲ့တဲ့ သံပရာပင်ကို ကော်ဖီအေးလုပ်သောက်တယ် ။




(၃၁)

စာမေးပွဲတွေ အောင်ကြပါစေ
ခလုတ်မထိ၊ဆူးမငြိပဲ သွားလမ်း၊လာလမ်းဖြောင့်လို့
ထေရဝါဒဗုဒ္ဓသာသနာတော်အကျိုးကို
ဆပွားထမ်းရွက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ
ရှေ့ဆက်လျှောက်ကြမယ့် ဘဝလမ်းခရီးမှာ
သားသမီးနဲ့ အခြေအရံ၊လာဘ်လာဘတွေ ပေါကြွယ်ဝပါစေ ။



(၉)

ငါပြောပြရင်လည်း နင်သိမှာမှမဟုတ်တာ
ရင် ... ခုန် ... သံ ... ရယ် ...
သွား ... ခြေထောက်၊လက်ထောက်ပြီး
မြတ်နိုးလိုမှုကို ဆေးဖော်ကြောဖက်လုပ်ခိုင်းထားလိုက်
ခဏနေကျမှ ... အိမ်ရှေ့မီးရော၊နောက်ဖေးမီးပါ လင်းပေးမယ် ။


(၁၄)

ငါ့မိန်းမက ခုတလော တော်တော်စားစားပဲဟ
ဗိုက်တောင်တော်တော်ပူလာပြီ
အိမ်အောက်ထပ်မှာနေတဲ့ စုန်းမကတော့
ရေဖျဉ်းစွဲနေတယ် ပြောတာပဲ
ဒီတစ်ခါကြေးအိုးသောက်ချင်တယ် ထပ်ပြောလို့ကတော့
သူမရဲ့ဘွဲ့လွန်စာတမ်းတွေကို သူများဆီပေးပစ်လိုက်တော့မယ် ။



(၁၆)

ဒီနှစ်သင်္ကြန်တော့
မှော်ဘီဘက်၊စာချဆရာတော်ကျောင်းနားက
မြေကွက်ကလေးထဲမှာပဲ တဲကလေးစိုက်ပြီး
တစ်ယောက်တည်း ဘီယာသွားစုပ်နေတော့မယ် ။


(၁၁)

ခင်ဗျားရဲ့အုတ်နံရံက ပါးလျာလွန်းလှပါပေါ့ သမုဒယ
အကယ်များပုရိသယောက်ျားတစ်ယောက်ကမြင်ရင်
“ဝိဝါဟ”စာလုံးပေါင်းတွေ ဘယ်လိုကွဲပြားနေပါကြောင်း
စာနာနာရိုက်ပြီး ဆက်သွယ်လာမယ်လို့ ထင်ထားသလဲ ?


(၄၅)

လိင်ကိစ္စကိုပဲ ခေါင်းထဲထည့်ထည့်ထားပြီး
အချိန်ကလေးအားတိုင်း လိင်ရည်လူးနေတတ်တဲ့ သူမနဲ့
သားကိုလက်ထပ်၊မင်္ဂလာဆောင်ပေးမတဲ့လား အမေ ...
အမေ့ကို သားဘာမှပြန်မပြောနိုင်သေးခင်
သေချာနေသွားတာတစ်ခုကတော့
အဲဒီမိန်းကလေးဟာ သားကိုလိင်ဇာတ်ထဲ ဆွဲသွင်းသွားတော့မယ်ဆိုတာ ... ။





(၃၅)

နင့်ရုပ်က ဘာလို့အဲဒီလောက်ထိ ကဗျာရုပ်ပေါက်နေရတာလဲဟင် ...
ငါနဲ့ငါ့အစ်ကို ကိုယ်တိုင်တောင်မသိတဲ့ စကားလုံးသစ်ဆန်းမှုတစ်ချို့
နင့်မျက်နှာပေါ် ... အချိန်မရွေး ... ပေါက်ဖွား ... ကြီးပြင်းလို့
သက် ... မွှေး ... ချို ... ရေ ... ။


(၂၁)

မင်းကများင့ါကို သမားလိုသမားရ က္ကုတ္ထိကာဠုရယ် ...
မင့်တုန်းက မင်းအမေအရွယ်လောက် မိန်းမကြီးကိုယူထားခဲ့ပြီးတော့
မင်းသမီးအလှည့်ရောက်မှ မင်းအရွယ်လောက် ယောက်ျားကြီးတစ်ယောက်နဲ့
မပေးစားချင်ဘူးတဲ့လား ... သူငယ်ချင်းရာ ... ။


(၃၄)

နေပါဦး ... ပဏ္ဍိသောမာဏရဲ့
နိုင်ယာဂရာရေတံခွန်ကို ရောက်တုန်းရောက်ခိုက်
ငါတောင်းစားနေကျခွက်ကလေး
ပြောင်စင်အောင် ဆေးထားပါရစေဆိုပြီး
စကြာဝဠာသိ ရုပ်ရှင်အစိုတော်တစ်ယောက်က
ခခယယ ... တောင်းဆိုလာတတယ် ။

(၄)

ချစ်သူနှစ်ယောက် ...
တစ်ယောက်နဲ့တစ်ယောက် ဝေးသွားကြရတော့မှာမို့
ယပ်တောင်တွေယပ် ... ပန်ကာကြီးတွေဖွင့်တော့
ဒီအချိန်ဆံနွယ်လေးတွေ လေပွေထဲဝင့်ဝဲနေကာမှ
အင်းလျားကန်မြင်ကွင်းက ဒိဠိဆန်လာမှာ ။





(၂၇)

ဟို ... “ဆွဲငင်အား”ကဗျာကိုရေးတဲ့ ကဗျာကယာလေးက
အရမ်းအရမ်းကို တော်လိုက်တာနော်
အသတ်ကလည်း ငယ်ငယ်လေးရှိသေးတယ်
တစ်ခုပဲ ...
အရပ်မလောက်မငှပုတာနဲ့ ရုပ်ရေနည်းနည်းမက ဆိုးတာပဲရှိတာ.. ။


(၅)

ပိုက်သမား၊ကွန်သမားတွေသာ
စားသောက်နေကြတဲ့ မာတိကာစားသောက်ဆိုင်ထဲ
ခါးရှည်နေပြီဖြစ်တဲ့ လိပ်ခုံးမတစ်ကောင်ဝင်သွား
အဦးဆုံးသော ခွါသံတွေကိုယက်ထုတ်လို့
သံကွန်ချဂါထာနဲ့ အုပ်ချပစ်လိုက်တယ် ။


(၃)

နေလွယ်လက ဥစ္စာတွေကိုစောင့်တယ်
မိုးဖွားနွေမှာ ဆောင်းစရာသိက္ခာမရှိတော့ဘူး
မစဉ်းစားခြင်းသေတ္တာတစ်လုံးပေါ်
ရာသီဥတုပျက်တွေက လုယက်မက်စက်စွာ ဝင်ထိုင်လိုက်ကြ ။



(၅၂)

ထိမ်းမြားလက်ထပ်မင်္ဂလာဆောင်တာတွေ
စုလျားရစ်ပတ် ရေခွက်ထဲရေစင်စက်ခြစားတာမျိုးတွေ လုပ်မနေကြတော့ပဲ
ပုဆိုးတန်းတင်သာ ပေါင်းသင်းနေထိုင်ကြပါစို့ရဲ့
ငါ့မှာ နင်မရှိလို့မဖြစ်တော့ဘူး ။              ။





လင်းထက်အောင်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons