2014/03/14

ကျွှန်​​တော်​ပြန်​လာပြီ အ​မေ

(၁)
တတိယလှိုင်းတချက် ဆတ်ခနဲအရိုက်
ဒီလှိုင်းတ၀ိုက်ကို ခိုစီး
အတောင်ပံတွေကိုသပ်ပြီး
တောအထပ်ထပ် ပျံသန်း
အလာလမ်းဆိုတော့
အားလုံး..
တခမ်းတနား

(၂)
brain draining တဲ့
တကယ်တော့ ဦးနှောဏ်တင်မကဘူး
အသွေးအသား...ဂုဏ်သိက္ခာတွေပါ
ရေစုန်ကိုဆန်တတ်ပြီး
လှော်ခတ်နေရတာပါအမေ..

(၃)
ရှုမျှော်ခင်းတွေနဲ့အတူ
အပြစ်ကင်းစင်ချင်လို့
တောင်ရိပ်ခိုပါတယ်ဆိုမှ
ဝံပုလွေတစ်အုပ်နဲ့
တောလိုက်ထွက်နေရသူ....

(၄)
မီးစတဖက် ရေမှုတ်တဖက်နဲ့
တနင်္ဂနွေဂြိုလ်မင်း ဆင်းမတဲ့
လာပါ...လာပါ..
ကမ္ဘာကြီးကလဲ
မီးစဖက် ရေမှုတ်တဖက်နဲ့
ပြန်ကြိုဆိုလို့....

(၅)
မြစ်တွေကောက်တော့
ရေစီးတွေပိုသန်ရတယ်
လူတွေကောက်တော့
အတ္တတွေ ပိုထန်ရတယ်
ဖုံးတ၀က် အုပ်တ၀က်နဲ့
ကမ္ဘာကြီးကိုက
ပုန်းလျှိုးကွယ်လျှိုးနိုင်လွန်းတယ်....

(၆)
ယဉ်ကျေးမှုယောင်ဆောင်လိုဆောင်
လူမျိုးစုယောင်ဆောင်လိုဆောင်
အယူဝါဒယောင်ဆောင်လိုဆောင်နဲ့
လူဟာလူပဲလို့ သိမှတ်ဖို့ထက်
အမှန်တရားထက်
၁လက်မလောက်အရပ်ပိုရှည်ချင်သူတွေကများသား...

(၇)
"မင်းတို့ဗမာတွေ ကိုယ့်ကိုယ်ကိုယ်နှစ်လို့ ကျွန်ဖြစ်တာ"တဲ့
အဆီတထပ် အသားတထပ် မြန်မာသံစစ်စစ်ကြီးက
ဒူးနှံ့ပြီးပြောတယ်
"နာ" တာထက် "ဆာ" တာ ခက်တဲ့ဘ၀မှာ
ကျွန်တော် တချက်သာပြုံးပြခဲ့တယ်
"တချက်ပြုံးရင် တရက်အသက်ပိုရှည်တယ် " ဆိုတာကိုး

(၈)
အားမငယ်ပါဘူးအမေ
ကမ္ဘာကြီးတောင်
အဖာရာပရပွနဲ့
အိုဇုန်းလွှာကို
မျက်နှာပြောင်ပြောင် ၀တ်ရဲသေးတာပဲ

(၉)
ဒီမှာက ရွှေ ရွှေချင်းတောင် မှတ်ကျောက်အတင်မခံ
ငွေ...ငွေ....ငွေ
ဒါနဲ့ပဲ ကျသွားတဲ့ ကိုယ်ကျင့်တရားကိုပြန်မကောက်အား
ဝံတွေနဲ့ စီးချင်းထိုးရတာထက်
ကိုယ့်အသားထဲက လောက်
ကိုယ်ပြန်သတ်နေရတာဆိုးတယ်

(၁၀)
ကံ၊စိတ်၊ဥတု သုံးခုလုံးမမျှတဘူးအမေ..
မတန်တဆလုပ်ရတဲ့ မတန်မရာအလုပ်တွေပိရင်း
ကျွန်တော့ပါးပြင်က ဖက်ဆွတ်မိုး
တိုးတိုးပြီးရွာ....
အလွမ်းက အလွမ်းကို မစုပ်ယူနိုင်တာတော့
ခက်သားလား အမေ....

(၁၁)
အမေပြင်ပေးတဲ့ ထမင်းပူပူကို
လက်ဆေးစားဖို့တောင်ပျင်းတဲ့ ကျွန်တော်
အခုဆို...
အခန်းဟောင်းလောင်းကြီးထဲ
ရင်ဘတ်ဟောင်းလောင်းကို
တရွတ်ဆွဲပြီးဝင်
မနက်ဖြန် အသက်ဆက်ရှင်ဖို့
မသေစာထမင်းကိုချက်
ကျွန်တော်...
ပြေးထွက်ချင်လာပြီ အမေ....

(၁၂)
အခုတော့....
မငြိမ်းချမ်းတဲ့ တောအုပ်မှာလဲ ဘုရင်မလုပ်လိုတော့
အဲ့ဒီ့အစအနတွေ စုသိမ်း
ချုပ်ငြိမ်းလုဆဲဆဲ ကိုယ်ထည်တခုနဲ့အတူ
အမေ့သား.......
ပြန်လာပြီ.....
အမေ့အိမ်ဘေးက တောတန်းလေးကိုခေါင်းမှီ
အမေ့ရင်နဲ့သီတဲ့ သားချော့တေးကို နားဆင်ရင်း
ခြေဆန့် လက်ဆန့် နှလုံးသားပါဆန့်ရင်း
အိပ်ဖူးတယ်ရှိအောင် တခါအိပ်ကြည့်ဖို့
ကျွန်တော်.........
ပြန်လာပြီအမေ....

အန်​နာ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons