2013/03/22

သူတို့ရဲ့ပန်းချီကားမှာ ခရမ်းရောင်လွန်ကဲမှု


သူတို့ရဲ့ပန်းချီကားမှာ ခရမ်းရောင်လွန်ကဲမှု
 .............................................................




သူက ပြောတယ်
မင်းက သူ့ရဲ့မျက်ရည်စက်တဲ့
သူကမင်းအတွက်တော့ တမင် လုပ်ရီရတဲ့ ဟာသထက်အဆင့်မြင့်တယ်ဆိုလားပဲ
လွန်ခဲ့တဲ့ သုံးနှစ်ကို မင်းပြန်သွားရင်
နာကြင်ဖွယ်ရာတွေဟာ ထီလက်မှတ်အဟောင်းတွေလို
သူက မင်းအတွက် စစ်ကျန်ဗုံးတစ်လုံးလို
ရှောင်လွှဲမရလို့ မင်းတို့ တိုးတိုက်မိကြတယ်
အန္တရာယ်ကို အဆိပ်ဖြေဆေးလိုသုံးမိကြတယ်
တစ်ယောက်နဲ့ တစ်ယောက်ဝေးသထက်ဝေးအောင်ကြိုးစားရင်း
တစ်ယောက် သတင်းကို တစ်ယောက်က အမြည်းလုပ်တယ်
ကျန်တစ်ယောက်က တစ်ဦးပိုင်သီချင်းလိုနားထောင်တယ်
တစ်ယောက်ကိုတစ်ယောက် ဝေးကွာပစ်လိုက်ဖို့ရာ အကြောင်းအရာသိပ်မလိုဘူး
တိုက်ဆိုင်မှုလို့အဓိပ္ပါယ်ဖွင့်ပြီး အပြုံးတွေပေးကြတယ် စကားလုံးတွေရွေးကြတယ်
ခပ်တုံးတုံးဓါးတွေနဲ့ သူက သူ့စိတ်ကိုကြိတ်လှီးပစ်တယ်
မင်းက လက်သည်းဆိုးဆေးကို ရောင်စုံသုံးတယ်
ဘယ်သူမှမကျော်မဲ့ စည်းကို မင်းတို့တားတယ်
နာကြင်မှု ကို အခန်းထဲသွင်းပြီး အတ္တရဲ့လွှာစာမှုန့် ကိုကြင်နာခြင်းလို့အသံထွက်တယ်
တစ်ယောက်က အဝေးကြီးသွားတယ်
တစ်ယောက်က ပြန်မလာမဲ့လမ်းက စောင့်တယ်
တစ်ယောက်က ခံစားမှုအသေနဲ့ ရှင်သန်ခြင်းပန်းချီကားကိုရေးတယ်
တစ်ယောက်က တိတ်ဆိတ်မှုကို ပုံတူပွားတယ်
မင်း ဟာ အပွင့်နှေးခဲ့တဲ့ ပန်း
သူက အနည်ထိုင်နေခဲ့တဲ့ ရေ

မင်းတို့ဆုံတိုင်း ဝေးကွာခြင်းအကြောင်းပဲပြောတတ်လို့
ငိုအားထက် ရှိုက်အားပါ ပိုခဲ့
မင်း အတွက် သူက ထာဝရ အာမခံနဲ့
သူ့အတွက် မင်းက တစ်သက်တာနှုတ်ထွက်စာနဲ့
ဝေးမလိုလိုနဲ့ တစ်ကယ်လည်းဝေးခဲ့ကြ …
နိမိတ်မကောင်းတဲ့ အိမ်မက်ကို အထပ်ထပ်မက်ခဲ့ကြ
တစ်ယောက်က အလုံပိတ်သော့ခတ်ထားချိန်မှာ
တစ်ယောက်က မျှော်လင့်ခြင်းကို မီးမွှေးခဲ့ရ
မင်းတို့ ခုပြန်တွေ့ကြတော့
တစ်ယောက်က မိုးနည်းရပ်ဝန်း
တစ်ယောက်က အတိတ်ကိုပြန်ကြည့်ဖို့ထိုးထားတဲ့ လင့်စင်။


ရင်ခွင်ရှိန်း

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons