2011/12/29

ကွန်ဆက်ပ်ခြူရလ် ကဗျာဗေဒမှတ်စု Notes Towards Conceptual Poetics

ကွန်ဆက်ပ်ခြူရလ် ကဗျာဗေဒမှတ်စု Notes Towards Conceptual Poetics



၁။ ။ ကွန်ဆက်ပ်ခြူရလ်ကဗျာ Conceptual Poetry (CP) ဟာ ၂၁ရာစုအစောပိုင်းစာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်တယ်။ ရေးသားပြု လုပ်သူတွေကိုယ်တိုင်ပြောစကားအရ “uncreative writing´´ “ဖန်တီးမှုမဟုတ်တဲ့ အရေးအသား´´ဖြစ်တယ်။ CP ပြု လုပ်ဖို့ appropriation ရှိပြီးသား အရေးအသား/စာသားတွေကို ယူသုံးတယ်။ ကနဦးအတွေးထည်ကို အပြီးသပ်ရလာဒ်ထက် ဦးစားပေးတယ်။ အစွန်းရောက်ပုံသဏ္ဍာန်တွေမှာ process-oriented ပြုလုပ်မှုဖြစ်စဉ်ကို အသိအမှတ်ပြုရှေ့ရှုတယ်။ non-expressive (အတွေး ၊ခံစားမှု ၊ အတွေ့အကြုံစသည်တို့ကို) ဖွင့်ဟဖေါ်ပြတာမဟုတ်ဘူး။ အချို့လက်ရာတွေမှာ သတင်းအ ချက်အလက်ထုထည်ကြီး ပါရှိကြပြီး လက်ရာတစ်ခုလုံးကို ပြီးဆုံးအောင်ဖတ်ရှုဖို့ မရည်ရွယ်ဘူး။ ဥပမာ CPကို စတင်လိုက်သူ Kenneth Goldsmith ကက်နစ်သ် ဂိုးလ်ဒ်စမစ်သ်ရဲ့ စံပြလက်ရာဖြစ်တဲ့ `Day´ဟာဆိုရင် စက်တင်ဘာ ၁၊၂၀၀၀ နေ့စွဲပါ The New York Times သတင်းစာထဲက စာအားလုံးကို စာမျက်နှာ ၉၀၀ပါရှိတဲ့ စာအုပ်တစ်အုပ်အဖြစ် ပြန်လည်ပြုပြင်စာလုံးစီထား တာဖြစ်တယ်။ (စာလုံးတစ်လုံးတစ်လေမှ သူ့ဆီက လာတာမဟုတ်ဘူး။ စာလုံးတိုင်း ၊ စကားစုတိုင်း ၊ ၀ါကျတိုင်းဟာ အဆိုပါ သတင်းစာထဲက ယူတာဖြစ်တယ်)။ အခြားနာမည်ရ CPသမားတွေဟာ Christian Bok ၊ Catheline Bergvall ၊ Robert Fitterman နဲ့ Vanessa Place တို့ဖြစ်ကြတယ်။
CPရဲ့ ရှေ့ပြေးတစ်ခုဟာ (ပြင်သစ်) Oulipo `အူလီပို´ (I’ Ouvroir de Litterature Potentielle) ဖြစ်တယ်။ ကန့်သတ်ချက် တစ်ခုခုကို ပုံသေထားရှိပြီး စာပေအရေးအသားအမျိုးမျိုးကို စမ်းသပ်ပြုလုပ်တာဖြစ်တယ်။ အထင်ကရ ပုဂ္ဂိုလ်တွေကတော့ Italo Calvino ၊ Georges Perec နဲ့ Raymond Queneau တို့ဖြစ်ကြတယ်။ ဥပမာ တစ်ခုထုတ်ပြရရင် N+7 နည်းဖြစ်တယ်။ နဂိုရှိပြီးသားမူလစာသားထဲက စကားလုံးတစ်လုံးစီကို အဘိဓါန်ထဲမှာ ပါရှိတဲ့ အဲဒီစကားလုံးအောက်က သတ္တမစာလုံးနဲ့ အစား ထိုးတာဖြစ်တယ်။ အခြားလွှမ်းမိုးမှုတွေဟာ John Cage နဲ့ Jackson Maclow တို့ရဲ့ chance operations တိုက်ဆိုင်မှုတွေ ပေါ်လာသလို ဆောင်ရွက်ခြင်းဖြစ်တယ်။ ဘရာဇီးလ်က Concrete poetry လှုပ်ရှားမှုနဲ့လည်းပတ်သက်တယ်။

Robert Fitterman နဲ့ Vanessa Place တို့ရဲ့ `Notes on Conceptualisms´မှာ ဖေါ်ပြပါရှိတာကတော့ CP ရဲ့ အခြေခံစည်း မျဉ်းတစ်ခုဟာ `CP လက်ရာကို သမားရိုးကျစာသားတွေ ဖတ်ရှုသလို `ဖတ်ရှု´ဖို့ မလိုအပ်ခြင်းပဲ´ဖြစ်တယ်။ `ဖတ်ရှုဖို့ထက် လက်ရာရဲ့ idea ကိုတွေးကြည့်ဖို့ပဲလိုတယ်´။ `Unoriginal Genius ´စာအုပ်ရဲ့ နိဒါန်းမှာ စာပေဝေဖန်ရေး ဆရာမ Marjorie Perloff ရေးသားတာကတော့––´ `ပင်ကိုယ်´ `original´လုံးဝမဟုတ်တဲ့ `ကဗျာ´ကို အခု CP သမားတွေလုပ်ကြသလို ရေး လည်းရေးနိုင်ပြီး ကဗျာလည်းဖြစ်/မြောက်တယ်ဆိုတာဟာ ကဗျာလောကမှာမရှိခဲ့ဖူးဘူး။´
Christian Bok ရဲ့ `Eunoia ´ စာအုပ်မှာဆိုရင် အခန်းတစ်ခန်းဆီမှာ သရတစ်လုံးပဲ သုံးထားတာဖြစ်တယ်။
Caroline Bergvall ရဲ့ `Via ´ဟာဆိုရင် အီတာလျံ ဂန္တ၀င်ကဗျာဆရာကြီး Dante ဒန်တေရဲ့ `Inferno´မဟာကဗျာဘာသာ ပြန် ၄၈ခုရဲ့ ပထမလိုင်းတွေကိုပဲ ပြန်စီတာဖြစ်တယ်။
Flarf ကဗျာဆရာတွေဖြစ်ကြတဲ့ Nada Gordon ၊ K.Silem Mohammad နဲ့ Gary Sullivan တို့ရဲ့ ကဗျာတွေဟာ Google search engine ထဲကထွက်လာတာ/တွေ့ရှိတာတွေကို primary text အခြေခံစာသားအဖြစ်ယူပြီး အဲဒီကနေ ၊ `ဆိုးရွား´တဲ့၊ `မဆီလျော်´ တဲ့ ကဗျာတွေပြန်ပြုလုပ်တာဖြစ်တယ်။
(A Brief Guide to Conceptual Poetry မှ)
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - — – - – - – - – - – - – - – - – - – - – -
၂။ ။အတိုချုံ့ပြောရရင် Conceptual writing သို့မဟုတ် uncreative writing ဟာ ခေတ်ကာလရဲ့ ကဗျာဗေဒဖြစ်တယ်။ ၂၀ ရာစုရဲ့ အာဗွန့် ဂါ့ဒ် ဆန္ဒတွေနဲ့ ၂၁ ရာစုရဲ့ စက်မှုနည်းပညာတွေကို ပေါင်းစပ်လိုက်တာပဲဖြစ်တယ်။ ၂၁ရာစုကဗျာ နယ်ပယ်ကို ချဲ့ထွင်လိုက်တာဖြစ်တယ်။ CP အလေးထားတာကတော့ ယေဘူယျအားဖြင့် အသွားနှစ်ခွဖြစ်တယ် ၊ ရုပ်ဒြပ်နဲ့ အတွေးထည် materiality and concept ။ CP ဟာ `ပင်ကိုယ်/မူလ´ `originality´ ဖြစ်ဖို့ လုံးဝမရည်ရွယ်ဘူး။ uncreativity ၊ unoriginality ၊ illegibility (ဖတ်ရန် မလွယ်ကူခြင်း) ၊ appropriation ၊ plagiarism (သူတစ်ပါးအရေးအသားကို ခိုးချခြင်း) ၊ Fraud (အတုပြုလုပ်ခြင်း) နဲ့ falsification (လိမ်ခြင်း) တို့ကို သုံးခြင်းအားဖြင့် self `မိမိ´နဲ့ ego `အတ္တ´တို့ကို တမင်ပယ် ဖျောက်တာဖြစ်တယ်။ နည်းပညာ methodology တွေအားဖြင့် information management ၊ word processing ၊ databasing နဲ့ extreme process တို့ကိုသုံးတာဖြစ်တယ်။ ပျင်းရိငြိငွေ့ဖွယ်ဖြစ်ခြင်း ၊ တန်ဘိုးမဲ့ခြင်းနဲ့ အာဟာရမဲ့ခြင်းတို့ဟာ ထင်ရှားတဲ့ စရိုက်လက္ခဏာ/သဘောထားတွေဖြစ်တယ်။ ဘာသာစကားဟာ အမှိုက် ၊ ဘာသာစကားဟာ အယိုအယွင်း အပျက်အစီးလက်ကျန်တွေဖြစ်တယ်။ အာဟာရမဲ့ဘာသာစကား ၊ အဓိပ္ပါယ်မဲ့ဘာသာစကား ၊ အချစ်မဲ့ဘာသာစကား ၊ နေ့စဉ် ပြောစကား ၊ ဖတ်မရခြင်း ၊ ယန္တယားဆန်ဆန်ထပ်မံထပ်မံပြန်လည်ပြုလုပ်ခြင်းများ။ အစွဲအလန်းကြီးကြီးနဲ့ မှတ်တမ်းတင် စာရင်းသွင်းခြင်း ၊ မီဒီယာနဲ့ ကြော်ငြာရဲ့ တန်ဘိုးဖျက်/ပျက်ဘာသာစကား ၊အရည်အသွေးထက် အရေအတွက်ကို ပိုဦးစားပေး တဲ့ဘာသာစကား။
ယူငင်သုံးစွဲတဲ့ ဘာသာစကားကို သူ့ကိုသူပဲပြန်ထင်ဟပ်ဖို့အတွက် သုံးစွဲရာမှာ CP သမားတွေဟာ အဆိုပါ ယူငင်သုံးစွဲတဲ့ စကားလုံးတွေမှာ နဂိုမူလအားဖြင့် ပါရှိပြီးသား politics အားပြိုင်ဖိနှိပ်မှုတွေကို ပွေ့ဖက်တယ်။ သူတို့ရဲ့ ကိုယ်ပိုင်တွေ မဟုတ် တဲ့ စကားလုံးတွေကို ကိုယ်ကျင့်တရားဆိုင်ရာဖြစ်ဖြစ် နိုင်ငံရေးဆိုင်ရာဖြစ်ဖြစ် သတ်မှတ်ချပြဖို့ CP သမားတွေရှောင်ကျဉ်ကြ တယ်။ ရွေးချယ်မှုအားဖြင့်သော်၎င်း စက်သုံးစွဲမှုအားဖြင့်သော်၎င်းကနေ ပြုလုပ်ရရှိတဲ့ ကဗျာကပဲ နိုင်ငံရေးအယူအဆ/အစီ အစဉ်ကို စတင်လိုက်စေတာဖြစ်တယ်။ ဒီ နိုင်ငံရေးအယူအဆ/အစီအစဉ်ဟာ ကဗျာဆရာ ကိုယ်တိုင်ပြစ်တင်ရှုတ်ချတာမျိုး လည်းဖြစ်ဖို့များတယ်။ appropriation အခြေပြု စာပေအရေးအသားပြုလုပ်မှုထွန်းကားလာတာနဲ့အမျှ နေ့စဉ်သိမြင်တွေ့ကြုံ နေကျအရာတွေဟာ ဆန်းကြယ်လာကြတယ်။ အဓိပ္ပါယ်အားဖြင့် မပြောင်းလဲစေပဲ သူ့ချည့်သက်သက်ယူငင်သုံးစွဲလိုက်တဲ့အခါ မှာပေါ့။ ၀ါကျဖွဲ့ထုံးကို ဖေါက်ခွဲဖျက်ဆီးပစ်လိုက်စရာလည်းမလိုဘူး။ CP ဟာ ဖတ်သူထက် တွေးခေါ်/တွေးတောသူကို ပို စိတ်ဝင်စားတယ်။ ဒီကဗျာ စိတ်မ၀င်စားဆုံးဟာ ဖတ်ရှုနိုင်မှုပဲဖြစ်တယ်။ idea ကောင်းမှ CP ကောင်းမှာဖြစ်တယ်။ အကျိုးရ လာဒ်ဖြစ်တဲ့ စာသားထက် မူလ idea ဟာ ပိုစိတ်ဝင်စားစရာဖြစ်တယ်။
( Conceptual Poetics : Kenneth Goldsmith မှ )
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - — – - – - – - – - – - – - – - – - – - – -

၃။ ။Poets .org –– CP ကိုနားမလည်တဲ့ လူငယ်ပရိသတ်တွေကို ခင်္ဗျားဘယ်လိုရှင်းပြမလဲ။
KG –– CP ဟာ ဖတ်စရာမလို တဲ့ ကဗျာပါပဲ ။. . . ။ ကျွန်တော့်စာအုပ်တွေဆို ဖတ်လို့ကိုရမှာမဟုတ်ဘူး။ အဲဒီ စာအုပ်တွေရဲ့ နောက်ကျောက concept အတွေးထည်ကို သိရင်ပြီးပြီ။ . . . ။ concept ရရင်စာအုပ်ရတယ် ၊ ဒါပေမယ့် အဲဒီ စာအုပ်ကိုဖတ်စရာမလိုဘူး။ ဖတ်ရှုဖို့ထက် အဲဒီစာအုပ်အကြောင်းပြောတာကမှ ပိုကောင်းလိမ့်မယ်။ ဘာအသစ်မှ ဆန်းသစ် တီထွင်တာလည်း မဟုတ်ဘူး။ ရှိပြီးသားတွေကိုပဲ နဂိုမူလစာသားတွေမျိုးလိုပြန်စီတာ ၊ ပြန်ဖေါ်ပြတာပဲဖြစ်တယ်။ ဖေါ်ပြတဲ့ ပစ္စည်းထက် ဘာပစ္စည်းကို ဖေါ်ပြဖို့ရွေးချယ်တယ်ဆိုတာ ပိုစိတ်ဝင်စားစရာကောင်းတယ်။ အရေးအသားပေါ်မူတည်ပြီး ကိုယ့် ကိုတန်ဘိုးဖြတ် မှာမဟုတ်ဘူး ၊ ဘာမှမရေးသားခင်ဖြစ်ပေါ်တဲ့ စဉ်းစားတွေးတောကြံဆမှုဖြစ်စဉ်ပေါ်မှာ ကိုယ့်ကိုတန်ဘိုးဖြတ် မှာဖြစ်တယ်။ . . . ဟိုကတစ်လိုင်း ၊ ဒီကတစ်လိုင်းယူပြီးကဗျာတွေပြုလုပ်ကြတာရှိခဲ့ပြီးပြီ။ ဒါပေမယ့် ရှိပြီးသား အရေးအသား တစ်ခုခုကိုကောက်ယူ ၊ ၅လက္မလောက် နေရာရွှေ့ ၊ ကိုယ်ကိုယ်တိုင်ရေးတာ မဟုတ်ပေမယ့် ဒါဟာကိုယ်ပြုလုပ်တာလို့ပြော ပြီး ဒါဟာစာသား အသစ်ဖြစ်ကြောင်း အခိုင်အမာပြောဆိုတာမျိုးတစ်ခါမှမရှိခဲ့ဖူးဘူး။

Poets .org –– CP ရဲ့ ပုံစံတွေကို ဂန္တ၀င်ကဗျာတွေမှာ တွေ့နိုင်မလား။ ဥပမာ ၊ Homer ၊ Sappho ၊ Shakespeare ၊ Keats။ ဒါမှမဟုတ် CP ဟာ ပို့စ်မော်ဒန်သမားတွေဖြစ်ကြတဲ့ John Cage ၊ Jackson Maclow ၊ Andy Warhol တို့ရဲ့ လက်ရာတွေကို အခြေပြုသလား။
KG –– မကြာသေးခင်ကပဲ Craig Dworkin နဲ့ ကျွန်တော်ကဗျာပေါင်းချုပ်တစ်အုပ်ထုတ်လိုက်ကြသေးတယ်။ ´Against Expression ´။ CP အရေးအသားပေါင်းချုပ်ပေါ့။ Steve Mc Caffery လိုစာပေပညာရှင်စစ်စစ်ဆိုရင် ဥရောပ အလယ်ခေတ်စာပေထဲမှာ CPရဲ့ သာဓကတွေ ရှာတွေ့ကောင်းရှာတွေ့မယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော်က အဲလိုပညာ ရှင်မဟုတ်ဘူး။ Craig ကလည်း တကယ့် modernist ပဲ။
အဲဒီတော့ ၊ မာလာမေ။ (ပြင်သစ်သင်္ကေတ ၀ါဒီကဗျာဆရာ Mallarme)။ မာလာမေ လိမ်ရေးခဲ့တဲ့ ဖက်ရှင်ဆိုင်ရာ အရေး အသားတွေ။ သူဟာ နာမည်ဝှက်အမျိုးမျိုးနဲ့ ဖက်ရှင်မဂ္ဂဇင်းတစ်အုပ်လုံးရေးသားထုတ်ဝေခဲ့တယ်ဗျာ။ သူတစ်ယောက်တည်း လုပ်တာ။ ဖက်ရှင်ကျကျ ဘယ်လိုဝတ်ဆင်ရမယ်တို့ ၊ ညစာစားပွဲကြီးဘယ်လိုတခမ်းတနားကျင်းပရမယ်တို့ဘာတို့ပေါ့လေ။ အဲဒီ Vogue မဂ္ဂဇင်းတစ်အုပ်လုံးသူတစ်ယောက်တည်းရေးခဲ့တာ။ လူကြိုက်များတဲ့ မဂ္ဂဇင်းလည်းဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ၊ တစ်အုပ်လုံးမုသားချည့်ပဲဗျ။ အိုင်ဒင်တတီကို လိမ်လိုက်တာ။ အဲဒါ မဟာလက်ရာကြီးပဲ ။ . . . . ကျွန်တော်တို့ရဲ့ CP ပေါင်းချုပ် ဆိုရင် modernism ရဲ့ ကနဦးအစဆီပြန်သွားတာဖြစ်ပါတယ်။ အဲဒီကနေ ဒီနေ့ခေတ်ပြိုင်ဆီတည့်တည့်မတ်မတ်လမ်းကြောင်း ထွင်လိုက်တာဖြစ်တယ်။
. . . .

Poets .org –– ခင်္ဗျားကို လွှမ်းမိုးတဲ့ စာသားတွေ ၊ လူပုဂ္ဂိုလ်တွေရှိသလား။
KG –– စမ်းသပ်မှုအားလုံးရဲ့ မျိုးရိုးစဉ်ဆက်အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ်ဟာ Language Poetry နဲ့ မကွာခြားပါဘူး။ ဂါးထရု(ဒ်)စတိုင်းန်ကို ကျွန်တော်တို့ချစ်တယ်။ အက်ဇရာ ပေါင်းန်(ဒ်) ကို ကျွန်တော်တို့ချစ်တယ်။ ဂျေးမ်စ် ဂျွိုက်စ်ကို ကျွန်တော်တို့ချစ်တယ်။ အဲဒီမျိုးရိုးစဉ်ဆက်။ ပြီးတော့ ပြတ်တောက်သွားတာတွေ။ အဲဒီတုန်းက အရေးကြီးခဲ့တာ တွေက Fluxus ၊ Pop Art ၊ Sound Poetry ၊ Visual နဲ့ Concrete Poetry ။ sampling နဲ့ hip hop တို့လည်းအရေးပါကြ တယ်။ Situationism ဟာ (ကျွန်တော်တို့အပေါ်) တကယ့်ကိုကြီးမားတယ်။ LP ဟာလည်း တကယ့်လွှမ်မိုးမှုပဲပေါ့။
ကျွန်တော့်အတွက်ပဲ ပြောရရင်တော့ John Cage နဲ့ Ardy Warhol တို့ဟာမှတ်ကျောက်တွေပဲ။

Poets .org –– Conceptual poet ဆိုတဲ့ အသုံးအနှုံးဟာ ဘောင်ကျဉ်းတယ်/အကန့်အသတ်ဖြစ်တယ်လို့မြင်သလား။
KG –– အရာရာကို ဘောင်ခတ်/ကန့်သတ်တာ ကျွန်တော်ကြိုက်ပါတယ်။ ဒီနေ့ လူတော်တော်များများလုပ်နေကြတဲ့ လုပ်ပုံလုပ်နည်းတစ်ခုကို တစ်နည်းအားဖြင့် ဖေါ်ပြတာလည်းဖြစ်တယ်။ မတူကွဲပြားတဲ့ ဟန်အမျိုးမျိုးကို အမည်တစ်ခုတပ်ပေး တာဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်ပြောရရင် Flarf ဟာ Conceptualism ထဲအကျုံးဝင်တဲ့ နည်းပညာတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ပေါင်းချုပ်မှာ Flarfကိုလည်းထည့်သွင်းဖေါ်ပြထားပါတယ်။
ဒစ်ဂျစ်တလ် ပတ်ဝန်းကျင်ကြောင့် လူတွေဟာ ကွဲပြားခြားနားစွာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒစ်ဂျစ်တလ် ကဗျာဗေဒ digital poetics လို့ခေါ်ချင်လည်း ခေါ်နိုင်တာပေါ့။ ဒါပေမယ့် တော်တော်များများဟာ ကွန်ပြူတာစကရင်ပေါ်မှာထက် စာမျက် နှာပေါ်မှာ ဖြစ်နေတာပိုများတယ်။ အင်တာနက်တစ်ခုလုံးကို ဖြတ်ညှပ်ကပ်လို့ရတယ်ဆိုတဲ့ နောက်ခံ အယူအဆတော့ရှိတာ ပေါ့။ အဲသလိုဖြတ်ညှပ်ကပ်ပြီးရင် ဘာလုပ်လို့ရသလဲ။ ကိုယ့်ဟာလို့ပဲပြောလိုက်ပေါ့။ ဘာကြောင့်လည်းဆိုတော့ ကိုယ် copy လုပ်လို့ရတယ် ၊ ညှပ်လို့ရတယ် ၊ ကပ်လို့ရတယ်။ အဲဒီတော့ CP လို့ သုံးနှုံးခေါ်ဝေါ်တာ ကောင်းပါတယ်။ အသုံးလည်းတည့် တယ်။ ခြုံငုံလည်းပြောလို့ရတယ် . . . . ဒစ်ဂျစ်တလ်ဖြစ်ပေါ်လာတော့ ဘာသာစကားကို ကျွန်တော်တို့ အရင်ကနဲ့ မတူပဲ တစ်မျိုးတွေးတောလာကြတယ်။ အဲဒီ ဒစ်ဂျစ်တလ်နဲ့ ပတ်သက်တဲ့ ဖြစ်တတ်တဲ့ သဘောတွေ ၊ ဖြစ်နိုင်ချေတွေကို ဖေါ်ပြဖို့ conceptualism ဟာ အသုံးဝင်လာတာပဲဖြစ်တယ်။

Poets .org –– ခင်္ဗျားရဲ့ လက်ရာတွေနဲ့ ပတ်သက်လို့ ဘယ်လိုတုန့်ပြန်မှုတွေတွေ့ကြုံရသလဲ။
KG –– ၀ိုင်းဆဲကြတာပေါ့။ လက်ဝဲဘက်ကရော ၊ လက်ယာဘက်ကရောပေါ့။ ကျွန်တော့်အရေးအသားတွေဖတ်ကြား ပြဖို့ အိမ်ဖြူတော်က ဖိတ်ခေါ်တော့ လက်ဝဲဘက်ကနေ Linn Dinh `လင်းဒင်းန်´ ဟာ လူအုပ်စုလိုက်သတ်ဖြတ်တဲ့ သမ္မတ အိုဘားမားကို ဖျော်ဖြေရကောင်းလားဆိုပြီး စွပ်စွဲတယ်။ လက်ယာဘက်ကဆိုရင် ရေဒီယို talk –show တင်ဆက်တဲ့ Michael Savage ဟာ အိမ်ဖြူတော်က ကျွန်တော့်ကို ဖိတ်ကြားတာနဲ့ ပတ်သက်ပြီး `အနောက်တိုင်းယဉ်ကျေးမှုကြီးကျဆုံးသွားပါင်္ပြီ´ တဲ့။ `မာ့က်ဆစ် လူတန်းစားစစ်ပွဲပေါ်ပေါက်လာပြီ´တဲ့။ . . . . အိမ်ဖြူတော်လို အထင်ကရနေရာမျိုးးမှာ Conceptualism ရောက်သွားပုံနဲ့ ပတ်သက်ပြီး အစွန်းနှစ်ဘက်စလုံးရဲ့ စကားအသုံးအနှုံးတွေ ဘယ်လောက်တူကြတယ်ဆိုတာ စိတ်ဝင်စား ဘွယ်သိရတာပေါ့။ ဒါပေမယ့်အဲသလောက်ရှော့ခ်ဖြစ်စရာလည်းမဟုတ်လောက်ပါဘူး။

Poets .org –– အဲသလိုအစွန်းရောက်တာတွေ ခင်္ဗျားတမင်လိုက်ရှာသလား။
KG –– ကျွန်တော်တော့ကြိုက်တယ်။ အနုပညာလောကမှာ အဲသလိုတုန့်ပြန်မှုတွေမရဘူးလေ။ အနုပညာဟာ ပရိတ် သတ်ကို ရှော့ခ်မဖြစ်စေတော့တာကြာပါပြီ။ ကဗျာလောကဆိုရင် တကယ့်ကို ကွန်ဆာဗေးတစ်ပဲ။ ကဗျာကြောင့် လူတွေစိတ် အနှောင့်အယှက်ဖြစ်ရတယ်လို့။ တစ်နည်းအားဖြင့်တော့ ကောင်းတာပေါ့ဗျာ။ အနုပညာလောကမှာ ဘာလေးတစ်ခုခုလုပ် လိုက်ပြီး `အနုပညာ´လို့ခေါ်လိုက်ရင် လူတွေက `ဟာ ၊ မိုက်တယ်´ လို့ ထောပနာပြုပြီး အဲဒီအရာကို ဈေးကြီးကြီးနဲ့ ရောင်း စားလိုက်လို့ရတယ်။ ကဗျာလောကမှာတော့ တစ်ယောက်ယောက်က `ငါပင်ကိုယ်ရေးတာတွေရှောင်တော့မယ်။ ငါဟာ တမင် မဖန်တီးပဲ ရှိတာကိုပဲပြန်လုပ်မယ်´ လို့သာပြောလိုက်ရင် လူတော်တော်များများဟာ မျက်စိမျက်နှာတွေသိသိသာသာပျက် သွားကြလိမ့်မယ်။
Poets .org –– ခင်္ဗျားရဲ့ လုပ်ရပ်/လက်ရာတွေဟာ ခင်္ဗျားရဲ့ ခေတ်ပြိုင်/မိတ်ဆွေတွေ ဖြစ်ကြတဲ့ Christian Bok ၊ Vanessa Place ၊ Robert Fitterman ၊ Catheline Bergvall နဲ့ အခြားသူတွေနဲ့ ဘယ်လိုပတ်သက်လဲ။
KG –– ဒီကိစ္စကို ပြောခဲ့ကြတာစကားအရှည်ကြီးပါပဲ။ အခုဆိုပေါင်းချုပ်တောင်ထွက်လာပြီ။ ပြောရရင်တော့ အခုဆို ၁၅နှစ်ရှိပြီပေါ့။ စခဲ့တုန်းက Darren Wershler ရယ် ၊ ကျွန်တော်ရယ် ၊ Christian Bok ရယ်။ ဒစ်ဂျစ်တလ်ပေါ်လာလို့လေထဲ အနံ့သစ်တစ်ခုရလိုက်သလိုပေါ့။ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက။ အခုလူတိုင်းဟာ CP အကြောင်းပြောနေကြပြီ။ တက္ကနို လော်ဂျီကြောင့် ရနံ့သစ်ရပြီးကတည်းက အခြားသူတွေလည်း ဒီထဲပါဝင်လာကြတယ်။ ဥပမာ ၊ Vanessa ။ လွန်ခဲ့တဲ့ ၅ နှစ် တုန်းက သူ့ကိုဘယ်သူမှမသိကြဘူး။ သူရုတ်တရက်ရောက်လာပြီး ကြီးမားတဲ့ အင်အားကြီး တစ်ခုဖြစ်လာခဲ့တယ်။ ပြီးတော့ Catherine Bergvall ။ ပြီးတော့ Kim Rosenfield ၊ Nada Gordan ၊ Katie Dagentesh ။
CP နဲ့ ပတ်သက်လို့နောက်တစ်ခုပြောချင်တာကတော့ Concrete Poetry ပြီးရင် CP ဟာ နိုင်ငံတကာ ကဗျာလှုပ်ရှားမှု international poetry movement ဖြစ်တယ်ဆိုတာပါပဲ။ LP ဟာ internationalမဖြစ်ခဲ့ဘူး။ LP ကို ကမ္ဘာအနှံ့ကသိကြတယ်။ ဒါပေမယ့် အမေရိကန် ၊ အင်္ဂလန်နဲ့ ကနေဒါမှာကလွဲလို့ နိုင်ငံတကာမဖြစ်ခဲ့ဘူး။ Concrete Poetryရဲ့ နိုင်ငံတကာ ကဗျာလှုပ် ရှားမှုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုဟာ ဘာလဲဆိုတော့ ဘာသာစကားတစ်ခုခုကို သိမှ အဲဒီကဗျာကို ဖတ်လို့ရတာမျိုး မဟုတ်ဘူး။ Concrete Poetryရဲ့ အခြေခံကိုယ်တိုင်က အမြင်ဆိုင်ရာ Visual ပဲလေ။ သော့သေးသေးလေးတစ်ချောင်းရရင် အဲဒီကဗျာတွေကို နားလည်လို့ရသွားနိုင်တယ်။ အဲတော့ ဒီကဗျာမျိုးရေးသားခြင်းမှာ ပါဝင်လာကြတဲ့ သူတွေ ကမ္ဘာအနှံ့မှာ ရှိတယ်။ နိုင်ငံတကာပေါင်းချုပ်တွေလည်းထွက်လာတယ်။ ကျွန်တော်တို့စာအုပ်ကလည်း အဲသလို global anthology ပဲလေ။ ဘာကြောင့်လဲဆိုတော့ လက်ရာတွေကို ဖတ်စရာမလိုဘူး။ ဘာသာစကားတစ်မျိုးမျိုးကို သိဖို့ထက် Concept ကို သိဖို့ပဲ။ ကိုယ့်ရှေ့မှောက်မှာ Concept တစ်ခုခုရောက်လာပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဘာဖြစ်ဖြစ်ပေါ့။
လူတွေဟာ ဒီလိုမျိုးလုပ်နေကြပြီ။ ကျွန်တော်တို့မှာ နိုင်ငံတကာမိတ်ဆွေတွေရှိတယ်၊ ပြင်သစ်၊ အင်္ဂလန် ၊ ဘရာဇီး ၊ အာဂျင်တီးနား ၊ ကနေဒါ။ စကဲန်ဒီနေးဗီးယားမှာဆိုရင် CP အရေးအသားတွေအုံလိုက်ပဲ။

Poets .org –– ခင်္ဗျားလုပ်နေတာတွေကို လှုပ်ရှားမှုတစ်ခုဖြစ်လာစေမယ့် အရေးအသားမျိုးတွေ ဘက်လှည့်လိုက်တဲ့အခါ ရှိခဲ့သလား။
KG –– ကျွန်တော်တို့မလုပ်ရင်လုပ်မယ့်သူမရှိခဲ့ပါဘူး။ ကျွန်တော်တို့ CP စတင်တဲ့ အချိန်ကနေ သိပ်မကြာသေးတဲ့ ကာလအတွင်းအထိ လူတွေဟာ LP အကြောင်းပဲ ပြောတတ်ခဲ့ကြတယ်။ အဲဒါကိုလည်း ၁၉၇၃ လောက်ကတည်းက ပြောခဲ့ တာ။ Buffalo တက္ကသိုလ်ကထွက်လာတဲ့ ကျောင်းသားတွေဆိုလည်း LP အကြောင်းပဲပြောကြတယ်။ LP ရဲ့ မရေတွက်နိုင်တဲ့ မျိုးဆက်ပေါ့။ ချားလ်စ်ဘန်းစတိုင်းန်ရဲ့ တပည့်တပန်းတွေပေါ့။ ဒါမှမဟုတ်လည်း အဆွယ်အပွားတွေပေါ့။ အလေးအနက်ထား တဲ့ အရေးအသားတွေဟာလည်း LP ဗဟိုပြုတွေပဲ။ ကြာတော့ငြီးငွေ့စရာဖြစ်လာတာပေါ့ဗျာ။ LP ကို ကျွန်တော်ကြိုက်ပါတယ်။ LP ကနေ ဘာရလိုက်လဲဆိုတော့ အကြောင်းတစ်ခုခုကို တစ်ယောက်ယောက်ရေးဖို့ စောင့်နေရင် ဘယ်သူမှရေးကြမှာမဟုတ် ဘူး။ ကိုယ်ကိုယ်တိုင် ၀င်ပြီးရေးဖို့ပဲရှိတော့တယ်။ ကိုယ်ကိုယ်တိုင်စ ပြီးရေးမှ ဖြစ်လာတော့မှာ ဖြစ်တယ်။ အဲတော့မှပဲ ဖြစ်လာတော့ တယ်။
(Poets .org ၀န်ထမ်းများနဲ့ Kenneth Goldsmith အမေးအဖြေမှ)
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - — – - – - – - – - – - – - – - – - – - – -
၎။ ။ဘာသာပြန်သူထံမှ ။ အထက်ပါဘာသာပြန်အရေးအသားတွေကို အင်တာနက်မှာ ကိုယ်တိုင်အလွယ်တကူရှာဖတ်လို့ရပါ တယ်။ စိတ်ဝင်စားရင် လေ့လာစရာပေါ့။ စိတ်မ၀င်စားလည်း ဘာမှ ကြီးကြီးကျယ်ကျယ် ထိခိုက်စရာအကြောင်းမရှိပါဘူး။

ဇေယျာလင်း

0 ဦးမှတ်ချက်ရေးထားတယ်:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Powerade Coupons