သစ္စာအသေ ကားလမ်းမ
--------------------------
သစ္စာတရားကို လက်တွေနဲ့ခပ်တင်းတင်း ဆုပ်ကိုင်ထားတယ်
နီယွန်မီးအက်အက် ၊ မိုးကောင်းကင်မှုန်မှုန်
လူကျပ်တဲ့လိုင်းကားပေါ်က ဆင်းလာတဲ့သူမဟာ
ကျွန်တော့်ကိုတွေ့တဲ့အခါ ဆံပင်ပိုပိုတွေကို ဖြီးသပ်ချလိုက်တယ်
ဟုတ်တာပေါ့... လက်မအားလို့ ခေါင်းမဖြီးဖြစ်တာကြာပြီပဲ
လမ်းမကြီးဟာခုံးကြွလာလည်း လူငယ်လေးဟာဆက်လျှောက်
တစ်ယောက်ယောက်နဲ့များတွေ့လို့ လက်ပြနှုတ်ဆက်ချင်လာရင်
သစ္စာတရားကိုတော့ မြှောက်မပြချင်တာ ကိုယ့်ဟာကိုယ်ထက်ပိုသိတယ်
ရှုပ်ပါတယ်... ပါးစပ်ထဲထည့်ထားလိုက်ရကောင်းမလား
ဒါဆို... အဲဒီတွေ့တဲ့တစ်ယောက်က သစ္စာရှိလားလို့မေးရင်
ပါးစပ်ထဲမှာလို့ ပြန်ဖြေလို့ရလောက်တာပေါ့
ခက်တာက လက်ထဲမှာ အချိန်ကြာကြာကိုင်ထားခဲ့ရတဲ့အတွက်
သစ္စာဟာ ထုံကျဉ်ကိုက်ခဲနာအီနေပြီ အဆင်မပြေလောက်ဘူး
ထဆင့်ထူးရေး ညသတ်ထည် အောက်ကမြင်ထည့်ပါဆို
ပါးစပ်ကနေပဲ လက်နဲ့ကိုင်ထားထည့်လိုက်တော့မယ်
ဝယ်ဖို့ဆိုရောင်းမယ် ၊ မဝယ်ဖို့ဆိုရောင်းမယ်
ဝယ်ဖို့ကိုမရောင်းပဲ ၊ မဝယ်ဖို့ကိုမရောင်းလို့လည်းရတယ်
အားလုံးလိုလိုက ဝိုင်းသတ်လို့သေခဲ့တဲ့အလောင်းပဲ
သူကတစ်ခုခုကို လူတွေဆီ ပြန်ပေးဖို့ကြိုးစားခဲ့တယ်လေ
အခုတော့... ကျွန်တော့်လက်ထဲမှာမလှုပ်နိုင်၊မခါနိုင်နဲ့
လူတွေဆီပေးချင်နေတဲ့အရာကို မြေကြီးထဲယူသွားလိုက်ရပြီ
မှန်တင်ခုံပေါ်က ဖုန်ခါတဲ့ကြက်မွှေးလောက်နဲ့တော့
ဈာပနဟာ သပ်ရပ်ရှင်းသန့်လာမှာလည်း မဟုတ်ဘူး
ခိုင်မြဲတည်ကြည်တာဟာ မျက်ရည်မဟုတ်မှန်း
သူ မသေခင်ကတည်းက သိတယ်ဆိုတာ
အခုထမပြောနိုင်တော့မှန်း ကျွန်တော်သိနေတာ သူသိလောက်တယ်
တစ်ယောက်ယောက်လာနေတာ အမြန်ဆုံးအမှုန်တွေကပြတယ်
အဲဒီ့လူလက်ထဲမှာ ဘာမှမရှိဘူး ၊ လွတ်ဟာနေတယ်
ကျွန်တော့်ကိုလည်း လက်ပြမနှုတ်ဆက်ဘူး
သစ္စာရှိလားလို့လည်း မမေးဘူး
သူ့လက်ထဲမှာ သစ္စာကိုခပ်တင်းတင်းဆုပ်ကိုင်ထားဖြစ်အောင်လို့
ကျွန်တော်ကပဲ ပြုချင်ပေးလိုက်ရတယ်
ပြီးတော့... လမ်းဆက်လျှောက်သွားစေတယ်
နောက်အချိန်တွေအနည်းငယ်ကြာတော့မှ
သူ့လက်ထဲသစ္စာအသေကြီး ခပ်တင်းတင်းဆုပ်ကိုင်ထားရတာဘာအတွက်မှန်း
အပြင်းအထန်... စတင်စဉ်းစားပါလိမ့်မယ် ။ ။
လင်းထက်အောင်


Thursday, March 13, 2014
Admin
Posted in: 

